အပိုင်း ၁/ ဇုန်(A)အတွက် ပြန်လည်နေရာချထားရေး အစီအစဉ်
သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၁/ ဇုန်(A) တည်ဆောက်မည့် ဧရိယာကို ရန်ကုန်တိုင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန (DHSHD)က ၁၈၉၄ ခုနှစ် မြေသိမ်း အက်ဥပဒေနှင့်အညီ ၁၉၉၇ ခုနှစ်တွင် သိမ်းယူခဲ့သည်။ ထိုစဉ်က ယင်းမြေနေရာ အသုံးပြုနေသူများကို မြန်မာနိုင်ငံ အစိုးရက နစ်နာကြေး သတ်မှတ် ပေးအပ်ခဲ့သည်။
၁၂၃၀ ဟက်တာ ကျယ်ဝန်းသော မြေနေရာကို သန်လျင်-ကျောက်တန်း စက်မှုဇုန် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် သိမ်းယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စက်မှုဇုန် မြှင့်တင် တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ခံ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန နှင့် စင်ကာပူမှ SMD International Pte Ltdတို့ ပူးပေါင်း ဖွဲ့စည်းလိုက်သည့် သန်လျင်-ကျောက်တန်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (TKDC)က တာဝန်ယူခဲ့သည်။ သန်လျင်-ကျောက်တန်း စက်မှုဇုန် ဖွံ့ဖြိုးရေးသည် လက်တွေ့ အကောင်အထည် မပေါ်ခဲ့ဘဲ အဆိုပါ မြေနေရာသည် ၁၉၉၈၊ ၁၉၉၉ ခုနှစ်များအတွင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ထံ ရောက်ရှိခဲ့ပြီး ထိုမှတဆင့် ၂၀၁၃၊ မတ်လတွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)ထံ လွှဲပြောင်းခဲ့သည်။
၂၀၁၂၊ ဩဂုတ်မှ ၂၀၁၃၊ ဇန်နဝါရီထိ အတောအတွင်း မြန်မာအစိုးရသည် သီလဝါ အထူးစီးပွားရေးဇုန် ဧရိယာ အပိုင်း ၁/ ဇုန်(A)နှင့် ဇုန်(B) နေရာများ၌ နေထိုင်သူ၊ သို့မဟုတ် ထွန်ယက်စိုက်ပျိုး နေသူများကို သတိပေး အကြောင်းကြားမှု သုံးကြိမ် ပြုလုပ်ခဲ့သည်။
၂၀၁၃၊ ဖေဖော်ဝါရီတွင် စီမံကိန်းနှင့် ပတ်သက်၍ သက်ရောက်မှု ရှိနိုင်သော လူပုဂ္ဂိုလ်များနှင့် စပ်လျဉ်းပြီး အကြံပြု ဆွေးနွေးမှုများ စတင်ခဲ့သည်။ ၂၀၁၃၊ ဧပြီတွင် လူမှုစီးပွား သန်းခေါင်စာရင်း တစ်ရပ်ကို အထူးစီးပွားရေးဇုန် ဧရိယာ၌ စတင်ကောက်ယူခဲ့သလို ၂၀၁၃၊ ဇွန်လတွင် အသေးစိတ် တွက်ချက်မှု စစ်တမ်းတစ်ရပ်ကိုလည်း ကောက်ခံခဲ့သည်။
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ရန်ပုံငွေ ပံ့ပိုးပေးထားသည့် ကျွမ်းကျင်ပညာရှင် အဖွဲ့၏ နည်းပညာပိုင်း ထောက်ပံ့မှုနှင့်အတူ မြန်မာအစိုးရသည် ၂၀၁၃၊ နိုဝင်ဘာတွင် ပြန်လည်နေရာချထားရေး လုပ်ငန်း အစီအစဉ်ကို အပြီးသတ်နိုင်ခဲ့သည်။ သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း ၁/ ဇုန်(A)အတွက် ပြန်လည်နေရာချထားရေးနှင့် မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်များကို စတင်ဖော်ဆောင်ခဲ့သည်။ ထိုသို့သော အစီအစဉ်များကို ပုဂ္ဂလိကနှင့် အများပိုင် လုပ်ငန်းဖော်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်း အကောင်အထည် ဖော်ခြင်းမှာ မြန်မာအစိုးရ၏ ပထမဆုံး အတွေ့အကြုံလည်း ဖြစ်သည်။ ပြန်လည်နေရာချထားရေး လုပ်ငန်း အစီအစဉ်ကို မြန်မာအစိုးရ၏ လိုအပ်သော စံနှုန်းများ၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ထောက်ထားမှု လမ်းညွှန်ချက်များ၊ ကမ္ဘာ့ဘဏ်၏ အဓမ္မ မဟုတ်သော ပြန်လည်နေရာချထားရေး မူဝါဒများနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ပြန်လည်နေရာချထားရေး လုပ်ငန်း အစီအစဉ်ကို အပြီးသတ် အကောင်အထည် ဖော်မှုသည်လည်း ၂၀၁၃၊ နိုဝင်ဘာတွင် အစပြုနိုင်ခဲ့သည်။ စီမံကိန်းကြောင့် ထိခိုက်နိုင်သည့် အိမ်ထောင်စု ၈၁ ခုနှင့် လူပုဂ္ဂိုလ် ၃၈၂ ဦးတို့ကို စီမံကိန်း ဧရိယာ အပိုင်း ၁/ ဇုန်(A)အတွက် သတ်မှတ်ထားသည့် ဟက်တာ ၄၀၀ ကျယ်ဝန်းသော ဧရိယာထဲမှ ပြောင်းရွှေ့ နေရာချပေးခြင်းဖြင့် စီးပွားရေးဇုန် ဖွံ့ဖြိုးရေးကို တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းတို့အနက် အိမ်ထောင်စု ၆၈ ခုကို ယခင်က ပြန်လည် နေရာချထားခြင်း ခံရသည့် အသိုက်အဝန်း အနီး၌ အထူးတည်ဆောက်ထားသည့် ပြန်လည်နေရာချထားရေး သတ်မှတ် နေရာတစ်ခုသို့ လက်တွေ့ ပြောင်းရွှေ့ပေးခဲ့သည်။ သတ်မှတ်ထားသော စံနှုန်း အချက်အလက်များနှင့် ကိုက်ညီသည့် ပြောင်းရွှေ့ရသော လူပုဂ္ဂိုလ်များကိုလည်း နစ်နာကြေးနှင့် အခြားအကူအညီများ ပေးအပ်ခြင်းနှင့် မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် သုံးနှစ်သက်တမ်း အစီအစဉ် တစ်ရပ်ကို ၂၀၁၃ ဒီဇင်ဘာတွင် ဖော်ဆောင်ပေးခြင်းလည်း ပြုလုပ်ခဲ့သည်။
စီမံကိန်းကြောင့် ရွှေ့ပြောင်းရချိန်၌ (သက်ဆိုင်ရာ မြေနေရာ၌ အခြေပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ၎င်းတို့၏ အသက်မွေးမှု စီးပွားရေးလုပ်ငန်း ဆုံးရှုံးသွားသော လူပုဂ္ဂိုလ်များကိုမူ ငွေရေးကြေးရေး ထောက်ပံ့ပေးခဲ့သည်။
မြေနေရာကို အခြေပြု၍ ရရှိသော ဝင်ငွေရင်းမြစ်နှင့် ပတ်သက်၍ ဆန်စပါး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးမှုများကို ဈေးကွက်ပေါက်ဈေးအတိုင်း ငွေကြေးတန်ဖိုး သတ်မှတ် ကူညီခဲ့သည်။သက်ဆိုင်ရာ လူတစ်ဦးချင်းစီ၏ မိသားစု အခြေအနေနှင့် အသက်မွေး ထောက်ပံ့မှုအလိုက် ကွဲပြားသော ခံစားခွင့်များကိုလည်း ပေးအပ်ခဲ့သည်။
မြေနေရာကို အခြေမပြုဘဲ ရရှိသော ဝင်ငွေရင်းမြစ်နှင့် ပတ်သက်၍မူ ရွှေ့ပြောင်းမှုကြောင့် ဝင်ငွေယုတ်လျော့ထိခိုက်သည့် ကာလအတောအတွင်း ပျမ်းမျှနေ့စဉ်ဝင်ငွေနှင့် တူညီသော ခံစားခွင့်မျိုး သတ်မှတ်ကူညီခဲ့သည်။ အဆိုပါ ခံစားခွင့်ကို ပျံကျလုပ်သားများ၊ ဆောက်လုပ်ရေး လုပ်သားများနှင့် နေ့စားလုပ်သားများအတွက် အဓိက ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။
စီမံကိန်း ဧရိယာ အပိုင်း ၁/ ဇုန်(A) နေရာတွင် နေထိုင်ပြီး ရွှေ့ပြောင်းခဲ့ရသည့် လူပုဂ္ဂိုလ်များနှင့် အထူးစီးပွားရေးဇုန် အပိုင်း ၂ ဧရိယာတွင် နေထိုင်သော်လည်း ပြောင်းလဲ သတ်မှတ်ပေးသည့် နေရာသစ်တွင် လာရောက် အခြေချ နေထိုင်လိုသူများအတွက် ၂၅x၅၀ ပေ မြေကွက်များကို ထောက်ပံ့ပေးခဲ့သည်။ အိုးအိမ် ဆုံးရှုံးခဲ့ရသူများ အတွက်မူ ပြန်လည်သတ်မှတ် ချထားပေးသည့် နေရာတွင် သင့်တော်သည့် အိမ်တစ်လုံး တည်ဆောက်ပေးခြင်း၊ သို့မဟုတ် အိမ်ဆောက်စရိတ်နှင့် လျော်ညီသည့် ငွေကြေး ပေးချေခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ အိမ်သစ် တည်ဆောက်ရာတွင် ယခင်ဖျက်သိမ်းလိုက်သည့် အိမ်ဟောင်းမှ ပစ္စည်း အစိတ်အပိုင်းများကိုလည်း ယူငင် အသုံးချရန် ခွင့်ပြုခဲ့သည်။ အကယ်၍ အိမ်အသစ်အတွက် သတ်မှတ်နေရာသည် စီမံကိန်းအတွက် ဖျက်သိမ်းခံရသည့် အိမ်ဟောင်းထက် ကျဉ်းမြောင်းသေးငယ်နေပါက စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးရသည့် အဆိုပါ လူပုဂ္ဂိုလ်ကို ခြားနားသည့် အတိုင်းအတာအတိုင်း ကာလပေါက်ဈေးနှင့် တွက်ချက်ထားသည့် အိမ်ဆောက်ပစ္စည်းများ အစားထိုး ထောက်ပံ့ ကူညီခဲ့သည်။
အစားထိုး နေရာချထားပေးသည့် ဧရိယာသည် ကျောက်တန်းမြို့နယ်ရှိ BantBwayKon ရေလှောင်တမံအနီး၊ Nyaing Wineကျေးရွာအုပ်စု၊ မြိုင်သာယာ ၃ ရပ်ကွက်တွင် တည်ရှိသည်။ အဆိုပါ မြေနေရာကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန က ငွေကြေးစိုက်ထုတ် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အစားထိုး နေရာချထားပေးသည့် ဧရိယာကို ကွန်ကရစ် လမ်းတစ်လမ်း၊ ရေတွင်း ၆ တွင်း၊ ရေနုတ်မြောင်းစနစ်၊ လျှပ်စစ်မီးသွယ်တန်းမှုများဖြင့် ပုံစံချ တည်ဆောက်ထားပြီး အိမ်တိုင်းတွင်လည်း လျှပ်စစ်မီတာများ တပ်ဆင်ပေးထားသည်။
အစားထိုး ရွှေ့ပြောင်းပေးသည့် ဧရိယာကို အပြီးသတ် ဖော်ဆောင်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ ဖြည့်တင်းမှုများကိုလည်း မူလ စီစဉ်ထားသည့်အတိုင်း ၂၀၁၃၊ အောက်တိုဘာ ပထမပတ်တွင် အထမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ အဆိုပါ ဧရိယာတွင် လိုအပ်သော အခြေခံ အဆောက်အအုံများ ဖြည့်စွက်မှုသည် ၂၀၁၃၊ အောက်တိုဘာ တတိယပတ်မှ ၂၀၁၄၊ မတ်လ ပထမပတ်ထိ ကြာမြင့်ခဲ့သည်။ အဆိုပါ ဆောက်လုပ်ရေး ကာလအတောအတွင်း လုပ်သားအင်အား စုဆောင်းရာတွင် စီမံကိန်းကြောင့် ပြောင်းရွှေ့ရသည့် လူပုဂ္ဂိုလ်များကို ဦးစားပေးအဆင့် ရွေးချယ်ပေးခဲ့သည်။ အစားထိုး နေရာချထားပေးသည့် ဧရိယာသည် စုစုပေါင်း ၃ ဧကခန့် ကျယ်ဝန်းပြီး လူနေထိုင်ရန် မြေကွက်နေရာ ၆၈ ခုကို အကွက်ရိုက်ပေးခဲ့သည်။