စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြန်လည်ဆန်းစစ်သုံးသပ်ခြင် (ဇုန်အေ)

အပိုင်း ၁/ ဇုန်(A)

စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပြန်လည်ဆန်းစစ်သုံးသပ်ခြင်း အစီအမံများတွင် သက်ဆိုင်ရာ အသိုက်အဝန်း အတွင်းမှရော၊ ပြင်ပမှပါ စောင့်ကြည့်စစ်ဆေး၍ အကဲဖြတ်မှု လုပ်ငန်းစဉ်များ ပါဝင်သည်။

အတွင်းမှ စောင့်ကြည့်စစ်ဆေးခြင်း

စီမံကိန်း ဧရိယာအတွင်း စောင့်ကြည့်စစ်ဆေးခြင်းကို အဓိကအားဖြင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ (TSMC)က အဓိက တာဝန်ယူ ကြီးကြပ်ခဲ့သည်။ အထူးသဖြင့် စီမံကိန်းကြောင့် ပြောင်းရွှေ့ရချိန် အတောအတွင်းနှင့် ပြောင်းရွှေ့မှုအလွန် ကာလများတွင် ပြောင်းရွှေ့ရသည့် လူပုဂ္ဂိုလ်များ၏ နေထိုင်မှု ဘဝအခြေအနေ တိုးတက်မှု ရှိမရှိ စောင့်ကြည့်ခြင်းမျိုး ဖြစ်သည်။
အောက်တွင် ဖော်ပြထားသည့် ပုံစံကားချပ်ပါ ရှင်းလင်းချက်များအတိုင်း အတွင်းမှ စောင့်ကြည့်စစ်ဆေးခြင်းကို အဆင့်နှစ်ခု ခွဲခြား သတ်မှတ်ထားသည်။ လက်တွေ့ကွင်းဆင်း စောင့်ကြည့်မှုကို TSMCက ကွပ်ကဲပြီး ရုံးပိုင်းဆိုင်ရာ အဆင့်များတွင် မြန်မာအစိုးရနှင့် ဆက်စပ်သည့် ဆပ်ကော်မတီများက တာဝန်ယူသည်။

လက်တွေ့ကွင်းဆင်း စောင့်ကြည့်မှုတွင် ပုံမှန် လေ့လာမှု အစီအစဉ်များကို သတ်မှတ်ပြီး တိုးတက်ဖြစ်ထွန်းမှု အခြေအနေ အရပ်ရပ်ကို မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ် ဖြစ်မြောက်ရေး ဆပ်ကော်မတီ (IRPISC)ထံ အစီရင်ခံရသည်။ အတွင်းမှ လက်တွေ့ကွင်းဆင်း စောင့်ကြည့်မှု အဆင့်ကို အစားထိုး နေရာချပေးသည့် ဧရိယာအနီး ထားရှိသည့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းထံ လွှဲအပ်ပေးသွားကာ ပိုမို၍ တိုက်ရိုက်ကျစွာ စောင့်ကြည့် လေ့လာနိုင်ရန်လည်း ရည်ရွယ်ထားသည်။

ထို့အပြင် အစားထိုး နေရာချထားပေးသည့် ဧရိယာရှိ လူနေမှု အဆင့်ကို ၂၀၁၄ မှစ၍ တစ်ပတ်တစ်ကြိမ်၊ သို့မဟုတ် နှစ်ပတ်တစ်ကြိမ် စစ်တမ်းကောက်ယူ လေ့လာခဲ့သည်။ အဆိုပါ စစ်တမ်းများကို အပတ်စဉ် စောင့်ကြည့်စစ်ဆေးမှု အစီရင်ခံစာ (http://www.irpthilawa.com/weekly-report) တွင် ကြည့်ရှုနိုင်ပါသည်။

လူမှုစီးပွားဆိုင်ရာ ပြင်ပစစ်တမ်းများ

နေရပ်ရွှေ့ပြောင်းပေးသည့် လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နေစဉ် အတောအတွင်း ပြန်လည်နေရာချထားရေး လုပ်ငန်းစီမံချက်နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)ကဲ့သို့ နိုင်ငံတကာ လုပ်ငန်းကြီးများ၊ ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ်တို့၏ ပြင်ပမှ စောင့်ကြည့် စစ်ဆေးခြင်းများလည်း အခါအားလျော်စွာ လိုအပ်ခဲ့ပါသည်။ အဓိက အကြောင်းရင်းများမှာ (၁) ပြန်လည်နေရာချထားရေး လုပ်ငန်းစီမံချက် အထမြောက်စေရေးအတွက် အမှီအခို ကင်းလွတ်သော ပုံမှန် အကဲဖြတ်မှုမျိုး ထောက်ပံ့နိုင်ရန်၊ (၂) အတွင်းမှ စောင့်ကြည့်စစ်ဆေးခြင်း ရလဒ်များကို အတည်ပြုရန်၊ နေရာရွှေ့ပြောင်း ပေးရသူများ အနေဖြင့် ရွှေ့ပြောင်းမှု မတိုင်မီက လူမှုရေး၊ စီးပွားရေး အခြေအနေများနှင့် မည်သို့မည်ပုံ ကွာဟကြောင်းကို နှိုင်းယှဉ်သုံးသပ်ရန်၊ (၄) သုံးသပ်ကာလအတွင်း မှန်ကန်သင့်တော်သည့် စံနှုန်းသတ်မှတ်ချက်များ ဖြည့်တင်းနိုင်ရေး အကြံပြု ကူညီရန်တို့ ဖြစ်သည်။

လက်ရှိအချိန်ထိ လူမှုစီးပွား စစ်တမ်း အစီရင်ခံမှု သုံးကြိမ်ကို ပြင်ပ အကြံပေး ပညာရှင်များက ပြင်ဆင်ပြုစုထားခဲ့ပြီး ဖြစ်သည်။ ပထမစစ်တမ်းကို နိုင်ငံတကာ အကြံပေးအဖွဲ့ Social Clarity၏ အကူအညီဖြင့် အမျိုးသား အကြံပေးအဖွဲ့ TWAက ပြုစုခဲ့သည်။ ဒုတိယနှင့် တတိယ စစ်တမ်းများကိုလည်း TWAကပင် ကောက်ယူ ပြုစုခဲ့သည်။

စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများကြား ကွဲပြားစွာ ရင်ဆိုင်ရသော အခြေအနေများကို လူမှုစီးပွား စစ်တမ်းအတွက် အဓိက ပစ်မှတ်ထား ကောက်ယူခဲ့ပြီး မြိုင်သာယာ အမှတ်(၂)နှင့် အမှတ်(၃) ဒေသခံ အသိုက်အဝန်းနှင့် ရွှေ့ပြောင်းပေးသူများကို နှိုင်းယှဉ်ရာတွင်လည်း အသုံးပြုခဲ့သည်။ အစားထိုး နေရာချထားပေးသည့် ဧရိယာတွင် တိုးပွားလာသည့် အခြေချ နေထိုင်သူများ၏ အချက်အလက်များကို ကောက်ယူခြင်းကလည်း အရေးကြီး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် အဆိုပါ ဧရိယာအတွင်းရှိ မြေကွက်များကို စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများထံမှ ငှားရမ်း၍ နေထိုင်ခြင်း၊ သို့မဟုတ် အပြီးအပိုင် ဝယ်ယူခြင်း စသည်တို့ကို ကွဲပြားအောင် စစ်ဆေးစောင့်ကြည့်ရသည်။ လူပုဂ္ဂိုလ် အခြေအနေအလိုက် ခြားနားသော ရှုထောင့်အမျိုးမျိုးမှ ကောက်ယူသော စစ်တမ်းများတွင် အိမ်ထောင်စု လူဦးရေနှင့် အမှန်တကယ် စစ်တမ်းပါ အရေအတွက်တို့ကို တိုက်ဆိုင်စစ်ဆေးလေ့ ရှိသည်။

Table Target Groups for SES

ပထမဆုံးအကြိမ် လူမှုစီးပွားစစ်တမ်း ကောက်ယူမှုကို ၂၀၁၄၊ အောက်တိုဘာတွင် ပြုလုပ်ခဲ့သည်။ ယင်းသည် ပြန်လည်နေရာချထားပေးရေး၊ ဖွား/သေစာရင်း၊ လူနေမှု အခြေအနေ၊ ဝင်ငွေနှင့် ထွက်ငွေ အခြေအနေ၊ စားနပ်ရိက္ခာ အရည်အသွေး၊ အိုးအိမ်နှင့် အခြေခံ အဆောက်အအုံ အခြေအနေ၊ အစားထိုး နေရာချပေးသည့် ဧရိယာရှိ လူနေမှုပုံစံနှင့် အခြေခံ အဆောက်အအုံ စံနှုန်းများ၊ သယ်ယူရွှေ့ပြောင်းနိုင်သည့် ဥစ္စာပစ္စည်းများ ပိုင်ဆိုင်မှု၊ ကလေးများ၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှု အစီအမံများ၊ ပတ်ဝန်းကျင် အခြေအနေ၊ ဆက်သွယ်ရေး၊ လူမှုကွန်ရက်၊ စုပေါင်းဆောင်ရွက်မှုများနှင့် မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်တွင် ပါဝင်ဆောင်ရွက်မှုများကို ကောက်ယူသည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စစ်တမ်းတစ်ခု ဖြစ်သည်။

ပထမအကြိမ် လူမှုစီးပွားစစ်တမ်းတွင် အရေးပါသော လေ့လာသုံးသပ်ချက်၊ ရလဒ်များအဖြစ် အောက်ပါတို့ကို ဖော်ထုတ် သိရှိခဲ့သည်။

  • စီမံကိန်းကြောင့် ရွှေ့ပြောင်း အခြေချသူ အားလုံး၏ သုံးပုံနှစ်ပုံထက် ပိုများသော အရေအတွက်သည် ပြန်လည်နေရာချထားရေး စီမံကိန်းများ အပြီးတွင် အသုံးစရိတ် ပိုတိုးလာခဲ့ပြီး အများစုက ဝင်ငွေထက် ထွက်ငွေ ပိုများနေကြသည်။
  • ယခင်က ကျေးလက်ဆန်ဆန် ပတ်ဝန်းကျင် ဓလေ့စရိုက်တွင် နေထိုင်ရာမှ မြို့ပြလူနေမှုတစ်ဝက် ရောယှက်လာသည့် အပြောင်းအလဲကြောင့် အစားထိုး နေရာချပေးသည့် ဧရိယာသို့ ပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု အများစု၏ အသုံးစရိတ် ပိုမိုမြင့်တက်လာသည်။ (ဥပမာ - စားသုံးကုန်စရိတ် ပိုများလာသည်။ အဝတ်အထည်များ ယခင်ထက် အကြိမ်အရေအတွက် ပိုမို၍ ဝယ်ယူရသည်။ လုံခြုံစိတ်ချရသော နေထိုင်မှု စရိတ်စက တိုးပွားလာသည်)
  • ၅ နှစ်အထက် ကလေးအားလုံး၏ ၉၆ ရာခိုင်နှုန်း ကျောင်းတက်နေသည်။ ယင်းသည် စီမံကိန်းကြောင့် ရွှေ့ပြောင်းရမှု မတိုင်မီ လူနေမှု ဘဝကထက် သိသာစွာ မြင့်တက်လာသော ကိန်းဂဏန်း ဖြစ်သည်။
  • အစားထိုး နေရာချထားပေးသည့် ဧရိယာသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းနေထိုင်သူ အများစုသည် ယင်းမတိုင်မီ နေထိုင်မှုနှင့် နှိုင်းယှဉ်ပါက အသစ်ပြောင်းရွှေ့လာသော နေရာရှိ လူနေမှု အဆင့်အတန်းနှင့် အခြေခံ အဆောက်အအုံ ဖြည့်တင်းမှုများကို ပိုမို အကောင်းမြင် နှစ်သက်ကြသည်။ စာသင်ကျောင်းနှင့် ပိုနီးလာခြင်း၊ လမ်းအရည်အသွေး ပိုကောင်းလာခြင်း၊ အိမ်သာစနစ်ပိုကောင်းလာခြင်း၊ အိမ်ရာအဆောက်အအုံ အရည်အသွေး သိသာစွာ မြင့်တက်လာခြင်းကို စီမံကိန်းကြောင့် ရွှေ့ပြောင်းလာရသူများက ကျေနပ်နေကြသည်။
  • သို့သော် အဖွဲ့ငါးခုခွဲ၍ ကောက်ခံသော စစ်တမ်း၌ အချို့သော ရွှေ့ပြောင်း အခြေချသူများက မိမိတို့ နေအိမ်ပတ်ဝန်းကျင်တွင် ရေဝပ်နေသည့် အခြေအနေမျိုး ရှိကြောင်း အရေးဆိုခဲ့ကြသည်။
  • နောက်ထပ် အရေးကိစ္စ တစ်ခုမှာ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အချို့က အစားထိုး နေရာချပေးသည့် ဧရိယာတွင် အသံဆူညံလွန်းခြင်း၊ အနံ့အသက် မကောင်းခြင်းများ ရှိနေကြောင်း ထောက်ပြကြခြင်း ဖြစ်သည်။ အနံ့အသက် မကောင်းသည့် ပြဿနာမှာ အိမ်သာတွင်းများ ပြည့်လျှံခြင်းကြောင့် ဖြစ်သည်။

ဒုတိယအကြိမ် လူမှုစီးပွားစစ်တမ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာတွင် ကောက်ယူခဲ့သည်။ အဆိုပါ စစ်တမ်းသည်လည်း ပထမအကြိမ် စစ်တမ်းပါ အကြောင်းအချက်များကို အဓိကထား မေးမြန်း ပြုစုခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် လူမှုစီးပွားစစ်တမ်းတွင် အရေးပါသော လေ့လာသုံးသပ်ချက်၊ ရလဒ်များအဖြစ် အောက်ပါတို့ကို ဖော်ထုတ် သိရှိခဲ့သည်။

  • ပျံကျအလုပ်၊ နေ့စားအလုပ်နှင့် အိမ်တွင်း စီးပွားရေးတို့ကို အဓိက အသက်မွေးမှုအဖြစ် လုပ်ကိုင်နေကြသည်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အနည်းငယ်မျှသာ ဆန်စပါး စိုက်ပျိုးခြင်းနှင့် ကောက်ပဲသီးနှံ ရောင်းချခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည်။ ပြောင်းရွှေ့မှုများ မတိုင်မီ အနေအထားနှင့် ယှဉ်ပါက စစ်တမ်းကောက်ယူချိန်တွင် အစားထိုး နေရာချပေးသည့် ဧရိယာတွင် နေထိုင်သူများ ကြက်၊ ဝက်၊ ဘဲ အစရှိသည့် စီးပွားဖြစ် တိရစ္ဆာန် မွေးမြူမှုများ ပိုမိုတိုးပွား များပြားလာသည်။
  • စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အများစုသည် ဒုတိယအကြိမ် လူမှုစီးပွား စစ်တမ်း ကောက်ယူချိန်တွင် ဝင်ငွေ အနည်းငယ်မျှ တိုးပွားလာကြောင်း ဖြေကြားခဲ့ကြသည်။ အဓိကအားဖြင့် နေ့စား လုပ်ကိုင်သူများ၊ အိမ်တွင်းစီးပွားရေး လုပ်ငန်းမျိုး လုပ်ကိုင်နေသူများ၏ ဝင်ငွေ ပို၍ မြင့်တက်လာသည်။ သို့သော် ပျံကျ အလုပ်သမားများ၏ ဝင်ငွေမှာ ယခင်ထက် အနည်းငယ် လျော့နည်းသွားသည်။
  • အိမ်အသုံးစရိတ် စီမံထိန်းသိမ်းရေး သင်တန်းများ ကူညီပို့ချကာ ဝင်ငွေနှင့် ထွက်ငွေကို အချိုးညီ ညှိနှိုင်းနိုင်အောင် ဆောင်ရွက်ပေးခဲ့သည့်တိုင် ရွှေ့ပြောင်းနေထိုင်သူ အများစုမှာ ဝင်ငွေထက် အသုံးစရိတ် ပိုမိုများပြားနေကြဆဲ ဖြစ်သည်။
  • အသက် ၅ နှစ်အထက် ကလေးများအားလုံး (ရာနှုန်းပြည့်) ကျောင်းတက်နေကြသည်။
  • စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများအတွက် အသက်မွေးသင်တန်း အမျိုးမျိုး စီစဉ်ပို့ချ ကူညီခဲ့သော်လည်း ၎င်းတို့၏ အသက်မွေး လုပ်ငန်းများအတွက် ငွေရင်း အရောင်းမြှင့်တင်မှုဆိုင်ရာ ကျွမ်းကျင်မှုများပါ လိုအပ်နေဆဲ ဖြစ်သည်။ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများနှင့် သင်တန်းပို့ချမှုများ ဖြည့်တင်းပေးရန် လိုအပ်နေသေးသည်။
  • အစားထိုး နေရာချထားပေးသည့် ဧရိယာတွင် နေထိုင်သည့် ရွှေ့ပြောင်းလာသူ မိသားစုများတွင် မှီခိုအဖြစ် သတ်မှတ်သူ အချိုးအစား အလွန်မြင့်နေသည်။ အကြောင်းရင်းမှာ မိသားစုဦးရေ များပြားကြသော်လည်း အလုပ်အကိုင် နည်းပါး၍ ဖြစ်သည်။
  • နစ်နာမှုများနှင့် ပတ်သက်၍ စီမံကိုင်တွယ်ရန် မွမ်းမံပြင်ဆင်ထားသော လုပ်ငန်းစဉ်တစ်ရပ် ဖော်ထုတ်ခဲ့ရာ ယင်းက စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ၏ ကျိုးကြောင်းဆီလျော်စွာ စိုးရိမ်တတ်မှုနှင့် ယင်းစိုးရိမ်မှုကို ဖြေရှင်းနိုင်သည့် အရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့သည်။
  • မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ် ဖော်ဆောင်ရေး အဖွဲ့အစည်းများ၏ အကူအညီကြောင့် အတွင်းမှ စောင့်ကြည့်စစ်ဆေးမှု လုပ်ငန်းစဉ်များကို စနစ်ကျ မှန်ကန်စွာ လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ အသေးစိတ် အနေဖြင့် ရေတွင်းများ၊ ရေနုတ်မြောင်းများ၊ လမ်းများ၊ အမှိုက်ကျင်းများ၊ အိမ်သာများ၊ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုများ၊ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများ၏ လူနေမှု အဆင့်အတန်း (အိမ်ပိုင်ဆိုင်မှုနှင့် လက်ရှိ အသုံးချနေမှု)တို့အပြင် အိမ်ထောင်စုအလိုက် ရေဆင်းစနစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားသော အကြောင်းအရာများကိုလည်း အပတ်စဉ် ကွင်းဆင်း စစ်ဆေးမှုများတွင် မှတ်တမ်းတင်နိုင်ခဲ့သည်။

တတိယအကြိမ် လူမှုစီးပွားစစ်တမ်ကို ၂၀၁၆၊ ဇူလိုင်တွင် ကောက်ခံခဲ့သည်။ အဆိုပါ စစ်တမ်းသည်လည်း ၂၀၁၄ နှစ်ကုန်ပိုင်းက ကောက်ယူခဲ့သည့် ပထမအကြိမ် စစ်တမ်းပါ အကြောင်းအချက်များကို အဓိကထား မေးမြန်း ပြုစုခဲ့ခြင်း ဖြစ်သည်။

တတိယအကြိမ် လူမှုစီးပွားစစ်တမ်းတွင် အရေးပါသော လေ့လာသုံးသပ်ချက်၊ ရလဒ်များအဖြစ် အောက်ပါတို့ကို ဖော်ထုတ် သိရှိခဲ့သည်။

  • ဒုတိယအကြိမ် လူမှုစီးပွားစစ်တမ်း ကောက်ယူချိန်နှင့် ယှဉ်ပါက မိသားစု တစ်ခုချင်းစီ၏ အိမ်ထောင်ဦးစီး အလုပ်အကိုင် ခိုင်မာမှုသည် သိသိသာသာ တိုးတက်လာခဲ့သည်။ ထို့အပြင် လူပေါင်းများစွာ၏ အလုပ်အကိုင် သဘောသဘာဝမှာလည်း ပြောင်းလဲသွားပြီ ဖြစ်သည်။
  • အစားထိုး နေရာချထားပေးသည့် ဧရိယာတွင် အိမ်မြေ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ထားသူများမှလွဲ၍ စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသည့် လူပုဂ္ဂိုလ် အများစု၏ ပျမ်းမျှဝင်ငွေ တိုးပွားလာခဲ့သည်။
  • စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အများစု၏ ပျမ်းမျှဝင်ငွေ တိုးလာသည် မှန်သော်လည်း အချို့အိမ်ထောင်စုများမှာ လုပ်ခလစာထက် အသုံးစရိတ်က ပိုများနေဆဲ ဖြစ်သည်။ သို့သော် အစားထိုး နေရာချထားပေးသည့် ဧရိယာတွင် လာရောက်နေထိုင်သည့် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ အများစု၏ ဝင်ငွေနှင့်ထွက်ငွေ ကွာဟချက် ကြီးမားနေမှုမှာ ဒုတိယအကြိမ် စစ်တမ်း ကောက်ယူချိန်နှင့် ယှဉ်ပါက ပိုမို ကျဉ်းမြောင်းလာခဲ့ပြီ ဖြစ်သည်။ လူမှုကောင်းကျိုး ထောက်ပံ့ရေး အစီအစဉ် (SWSP)များ၏ ကောင်းမှုကြောင့်ဟု ဆိုနိုင်သည်။
  • အောက်ပါ ဇယားကွက်သည် တတိယအကြိမ် စစ်တမ်းကောက်ယူချိန်၌ စီမံကိန်းကြောင့် ရွှေ့ပြောင်းရသည့် လူပုဂ္ဂိုလ်များ၏ အမျိုးအမည်အလိုက် (A မှ Cထိ) ဝင်ငွေနှင့် ထွက်ငွေ ကွာဟချက်ကို ပြသထားခြင်း ဖြစ်သည်။ ၎င်းတို့ ရွှေ့ပြောင်း အခြေချမှု မတိုင်မီ နေထိုင်မှု အတောအတွင်း ဝင်ငွေ အချိုးအစားနှင့် အလွန်နီးစပ် တူညီလာသည်ကို မြင်သာစေသည်။ ထိုအချက်က ရွှေ့ပြောင်းမှုအပြီး နေထိုင်မှု ဘဝပုံစံများ ယေဘုယျအားဖြင့် တည်ငြိမ်လာပြီ ဆိုသည်ကို ညွှန်ပြနေခြင်းလည်း ဖြစ်သည်။

  • ရွှေ့ပြောင်း အခြေချသူများအနက် အုပ်စု (A)၏ ငွေကြေးစုဆောင်းနိုင်မှုမှာ ပိုမိုမြင့်တက်လာသည်။ မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အသေးစား ငွေစုငွေချေး အစီအစဉ် စတင်ပေးခဲ့ခြင်းအတွက် သိသာသော တုံ့ပြန်သက်ရောက်မှု ဖြစ်သည်။
  • စစ်တမ်းကောက်ယူရာ မိသားစုများမှ အသက် ၅ နှစ်အထက် ကလေးများ၏ ၉၆ ရာခိုင်နှုန်းမှာ ကျောင်းတက်၍ ပညာသင်ကြားနေကြသည်။
  • ပြန်လည်နေရာချထားရေး ဧရိယာရှိ နေအိမ်များအနီး ရေဝပ်သည့် ပြဿနာမှာ သိသာစွာ လျော့ကျသွားသည်။ မူလဝင်ငွေ အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည့် အစီအစဉ်၏ မြေသား သိပ်သည်းမှု မွမ်းမံမြှင့်တင်ပေးသည့် လုပ်ငန်း ဆောင်ရွက်မှုများကြောင့် ဖြစ်သည်။
  • သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ (TSMC)က မိလ္လာအညစ်အကြေးများကို ပုံမှန် သတ်မှတ်ရှင်းလင်းလာမှုကြောင့် စွန့်ပစ်အညစ်အကြေးများမှ အနံ့ဆိုး ထွက်ရှိသည့် ပြဿနာလည်း လျော့ပါးသွားခဲ့သည်။
  • စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများကို ကူညီထောက်ပံ့သည့် အသက်မွေး သင်တန်းများ ဆက်လက် ပို့ချနေဆဲ ဖြစ်သည်။ အဆိုပါ သင်တန်းများ၏ ကောင်းကျိုးတစ်ရပ် အနေဖြင့် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသော လူပုဂ္ဂိုလ် အချို့သည် အထူးစီးပွားရေးဇုန်တွင် အလုပ်အကိုင်များ ရရှိနေသည်။ ထို့အပြင် အစားထိုး နေရာချထားသည့် ဧရိယာတွင် နေထိုင်သူ အချို့ကလည်း နေအိမ်တွင်ပင် မှိုစိုက်ပျိုးထုတ်လုပ် ရောင်းချသည့် အိမ်တွင်း စီးပွားရေး လုပ်ငန်းများကို အစပြုလာကြသည်။
  • ထို့အပြင် အစားထိုး နေရာချထားသည့် ဧရိယာတွင် သတင်းပေး ကြေညာမှုများ ရှိလာခြင်းကြောင့် အထူးစီးပွားရေးဇုန်ရှိ အလုပ်နေရာ လစ်လပ်မှုများအပေါ် သတင်းယူ သိရှိမှု အခြေအနေ ပိုမိုအားကောင်းလာသည်။

မူလဝင်ငွေ အခြေအနေသို့ ပြန်လည် ရောက်ရှိစေမည့် အစီအစဉ်သည် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူများအတွက် တည်ငြိမ်သော အလုပ်နေရာ ရှာဖွေပေးနိုင်ရေးကို ဆက်လက် အာရုံစိုက်ထားခဲ့ပြီး ယင်းအတွက် အလုပ်အကိုင် ဆက်စပ်ပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့သည်။

ယနေ့အချိန်ထိ စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများအနက် ၂၃ ဦးသည် အထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်နေပြီ ဖြစ်သည်။ ယင်းတို့အနက် ၈ ဦးသည် ဇီဝမြေဩဇာသုံး စိုက်ပျိုးရေး စီမံကိန်း တစ်ခုတွင် လုပ်ကိုင်လျက်ရှိသည်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများသည် အထူးစီးပွားရေးဇုန်ရှိ ဇီဝမြေဩဇာသုံး စိုက်ပျိုးရေး စီမံကိန်းများ၊ လျှပ်စစ် ပြုပြင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေး၊ လုံခြုံရေးနှင့် အထည်ချုပ် လုပ်ငန်းများတွင် အလုပ်အကိုင်များ ရရှိလာကြသည်။ ၎င်းတို့ကို အလုပ်တာဝန် ခန့်အပ်ထားသည့် စက်ရုံအရေအတွက် လေးခုထိ ရှိလာခဲ့သည်။ အခြားသူများကို မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် (MJTD)နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ ကျွမ်းကျင်ပညာရှင် အဖွဲ့များက အလုပ်ခန့်ထားသည်။ ထို့အပြင် စီမံကိန်းကြောင့် ရွှေ့ပြောင်းရသူ

အသေးစိတ် အချက်အလက်များကို အင်္ဂလိပ်/မြန်မာ Pdfဖြင့် ဖတ်ရှုရန် …